နတ်တလင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သရက်တပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာများ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး ဒေသခံတောင်သူများသိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အနေဖြင့် တစ်လလျှင်ကျေးရွာ(၁၀)ရွာကွင်ဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ထိကျေးရွာ(၂၃)ရွာအား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာအုပ်စုများသို့လည်း ကွင်းဆင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆိုင်ရာသင်တန်းနှင့်လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးထံမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)