ကျုံပျော် ဇွန် ၇
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှု လျှော့နည်းစေရန်အတွက် အသက်အရွယ် အပိုင်းအခြား အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၃၀)မှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦးကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးနှံမှု အဆင်ပြေစေရေးအတွက် ဆေးမထိုးမီ ကြိုတင်သတိပြုရမည့် အချက်(၉)ချက်ကို မိဘပြည်သူများ သိရှိစေရန် ရပ်ကွက်၊ ကျေးရွာ အသီးသီးတွင် လှုံ့ဆော်ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကာ ဆေးထိုးနှံ ပြီး ကလေးငယ်များအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ တို့ရှိ အုပ်ချုပ်ရေးနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကာ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ခြင်း၊ ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိခြင်း မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါ ကူးစက်ဖြစ်ပွားမှုမှ တားဆီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)