သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဆွေးနွေး၍ သဘာဝမြေဩဇာ ပြုလုပ်နည်း လက်တွေ့ပြသ

သဲကုန်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲ၍ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့ပြသခြင်းကို ဌာနများ ပူးပေါင်း၍ ယမန်နေ့က အုတ်ဖိုကျေးရွာအုပ်စု၊ အောင်ကုန်းကျေးရွာ၌ အသိပညာပေး ဟောပြောဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  သဲကုန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက ဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက် မြင့်မားလာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်​ပေးနိုင်ရန်အတွက် ယခုလိုဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိ​ဒေသ ဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ဒေသအတွင်း ကုန်ထုတ် စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) အမည်ပြောင်းလဲလျှောက်ထားခြင်း၊ စက်မှုလယ်ယာ လုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် အချက်များ၊ ကျေးလက်ရေရရှိရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စားသုံးသူများ အခွင့်အရေးနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူလယ်သမားများကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ် သုံးစွဲနိုင်ရေးတို့အား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ  သက်ဆိုင်ရာဌာနများမှ   တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ် နည်းပညာပေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)