ဟင်္သာတ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ သင်တန်းကျောင်းသို့ရောက်ရှိပြီး နှစ်ထပ်စာသင်ဆောင် ဟောခန်းမကြီးတွင် ကျင်းပပြုလုပ်သော “ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရုံးနိုင်ခြေစီမံခန့်ခွဲမူ သင်တန်းဖွင့်ပွဲအခမ်းအနားသို့” တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့သင်တန်းသို့ တက်ရောက်လာကြသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသားမောင်မယ်များကို ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုပါကြောင်း၊ မိမိတို့ဧရာဝတီတိုင်းသည် နာဂစ်ဖြစ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားခဲ့ရကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် နှစ်စဉ်အနည်းနှင့်အများ သဘာဝရာသီဥတုဒဏ်ကို ခံစားရပါကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းဒေသကြီးနည်းတူ အခြားဒေသများတွင်လည်း သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ဆုံးရုံးမူတို့ကို အနည်းဆုံးဖြစ်အောင်၊ ကြိုတင်ကာကွယ်နိုင်အောင်၊ ကြိုတင်စီမံဆောင်ရွက်နိုင်ရန်စသော ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်မှ ယခုလိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း ယခုသင်တန်းမှပို့ချပေးမည့် ဘာသာရပ်အသီးသီးတို့ကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာ၍ မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိပါက အကျိုးရှိစွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့ပြီးနောက် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က မိမိတို့ဌာန၏ ယနေ့လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်း၊ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ယခုဖွင့်လှစ်မည့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးပြည်နယ်များမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၅၇ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)