မိုးညှင်း ဇွန် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီတွင် လုံးစန့်ကျေးရွာအုပ်စု မနခေါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက “ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် အခြားသော ဘေးအန္တရာယ်များ၏ အကျိုးဆက်ကြောင့် လူမှုစီးပွားဘဝထိခိုက်ခံစားခဲ့ရပြီး ဆင်းရဲနွမ်းပါးသော ကျေးရွာနေပြည်သူများ ကုန်ထုတ်လုပ်ငန်းနှင့် အခြားအခြေခံအဆောက်အုံများ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ် Cash For Work စီမံကိန်းတာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်ယဉ်ယဉ်ချိုက စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့် အညီ ဆန္ဒမဲပေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်(၇)ဦးအား ဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းခွဲအား ကျေးရွာလူထုမှ ရွေးချယ်ခဲ့ကြသည်။
မိုးညှင်းမြို့နယ်တွင် Cash For Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၅)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ လုံးစန့်ကျေးရွာ အုပ်စု မနခေါကျေးရွာ(၁) ရွာသာ ဆောင်ရွက်ခွင့်ရပါကြောင်း၊ Cash for Work စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ရံပုံငွေကျပ် (၁၀)သန်းရရှိပြီး ရရှိရံပုံငွေ၏ ၅၀ ရာခိုင်နှုန်းအား လုပ်အားခအဖြစ် သုံးစွဲနိုင်သဖြင့် ကျေးလက်နေပြည်သူများ ချက်ချင်းဝင်ငွေရရှိစေမည့် လုပ်အားခပေးချေသည့် အစီ အစဉ်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)