ပုသိမ် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်များကို ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့်"အခမဲ့" ဖြန့်ဝေပေး လျက်ရှိ ကြောင်း သိရသည်။
"နိုင်ငံအဝန်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့" ဆောင်ပုဒ်နဲ့ အညီ ပုသိမ်မြို့ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသိန်းအောင်နှင့် အဖွဲ့သည် ပုသိမ်မြို့ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူးရုံး၊ မြို့သစ်ဈေးမှ အများပြည်သူများ၊ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ အ.မ.က (၂၁၁)ကျောင်းနှင့် အ.မ.က (၂၁၂) ကျောင်းတို့တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယူကလစ်၊ မန်ဂျန်ရှားပျိုးပင် စုစုပေါင်း (၂၅၀)အား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကန်သာယာပျိုးဥယာဉ် (ပုသိမ်)တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင် စုစုပေါင်း (၃၀၀၀၀)နှင့် ယခင်နှစ် ပျိုးပင်လက်ကျန် (၂၄၄၂၂) စုစုပေါင်း (၅၄၄၂၂)ပင် စိုက်ပျိုးထားလျက်ရှိပြီး ၂၀၂၂ ခုနစ် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအတွက် ပျိုးပင်(၁၃၀၀) ကျော် အား ဖြန့်ဖြူးပြီးစီးပြီဖြစ်ကြောင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရန်၊ တိုင်းဒေသကြီးမှ (၁၄)သိန်းကျော်၊ ခရိုင်မှ (၃)သိန်း(၁)သောင်း၊ မြို့နယ်မှ (၆)သောင်း (၇)ထောင် ပျိုးပင်များ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကန်သာယာပျိုးဥယာဉ် (ပုသိမ်)တွင် အများအကျိုးပြု လုပ်ငန်းဆောင်ရွက်သည့် ပြည်သူများနှင့် ဌာနဆိုင်ရာများမှ အခမဲ့လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်ကြောင်း ပုသိမ်မြို့သစ်တောဦးစီးဌာနမှ သိရသည်။
မြင့်ဟန်