ပေါက်ခေါင်းမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၆၆၅၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး

ပေါက်ခေါင်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေအထိ မြို့နယ်အတွင်း အခြေခံပညာမူလတန်း၊ မူလတန်းလွန်နှင့် အလယ်တန်း‌ ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူ (၆၆၅၅)ဦးတို့အား    ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ(၂) ရက်နေ့မှ (၆)ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးဖြစ်သည့် ကျောင်းသား/ ကျောင်းသူ (၆၆၅၅)ဦးရှိပြီ ဖြစ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း‌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၈၇၂၂)ဦးရှိကြောင်းနှင့် ယနေ့ဇွန်လ ၇ ရက်နေ့တွင်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်( ပြန်/ဆက်)