ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေး အတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာများက ချောင်းကောင်းကျေးရွာသို့ ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊‌ နွေစပါးတိုးချဲ့စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တောင်သူများအနေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း အပါအဝင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါရန်နှင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြပါရန်၊ အခြားဌာနများမှလည်း လယ်ယာမြေ ရေရရှိရေးနှင့် စိုက်ပျိုး‌ရေပေးဝေမှု အခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာ‌မြေအသုံးချမှုနှင့် လယ်ယာ‌မြေ ဥပဒေများအကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် ကျန်းမာ‌ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးသက်ရောက်မှုများကို အသိပညာ‌ပေး ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ကျန်းမာရေးနှင့် လဝကဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်း၍ နည်းပညာ‌ပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်