မိုးညို ဇွန် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေဦးက နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ တစ်ပိုင်တစ်နိုင်မျိုးစေ့ထုတ် ဆောင်ရွက်နိုင်ရေး၊ မိုးစပါးကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် အစားထိုး စိုက်ပျိုးနိုင်ရေးနှင့် သီးနှံကာကွယ်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်က ရေဘေးကာကွယ်ရေး တာတမံများတည်ဆောက်ပေးခြင်း၊ ချောင်းကော / မြောင်းကော ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ လိုအပ်သောနေရာများတွင် ရေသွင်း / ရေထုတ်တံခါးများ တည်ဆောက်ပေးခြင်း ဆောင်ရွက်မှုအား လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုလဝကမှူး ဒေါ်မီမီဇင်ကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသိန်းဝင်းက ထွန်ယက်ရေး၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တောင်သူများအား မောင်း / ပြင် / ထိန်းသိမ်းခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းအားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်နိုင်က စိုက်ပျိုးရေး၊ မွေးမြူရေး သမအသင်း များအတွက် လုပ်ငန်းများဆောင်ရွက် ပေးနေမှုအားလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးဆားရည်စိမ်နည်းနှင့် ကြက်သွန်ဖြူပိုးသတ်ဆေး ပြုလုပ်နည်းများကို လက်တွေ့ပြသ ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)