နတ်မောက် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်မှ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဆေးခန်းများတို့ အမြန်ဆုံး သွားရောက်ဆေးကုသရန်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဆရာမဒေါ်ခင်စန်းတင့်မှ သွေးလွန်တုပ်ကွေးဘာကြောင့်ဖြစ်ရတာလဲ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်သည့် လက္ခဏာအကြောင်းအရင်း (၁၁)ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား “ရင်သွေးငယ်တို့ကျန်းမာဖို့ပြုစုစောင့်ရှောက်စို့” လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း ( နတ်မောက်)