ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီး အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် စက်တင်ဘာ ၆

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီးအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က မြန်မာနိုင်ငံအတွင်း အာဟာရချို့တဲ့မှုများ လျော့နည်း ပပျောက်ရေး၊ အာဟာရ လွန်ကဲမှု ပြဿနာများကာကွယ်ရေး၊ ပြည်သူလူထုအတွင်း အာဟာရပြည့်ဝ မျှတစွာ စားသုံးတတ်သည့်ဓလေ့များ ပိုမိုထွန်းကား လာရေးစသည့် ရည်မှန်း ချက်များချမှတ်ပြီး အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ယခုလိုဆောင်ရွက်သည့် အခါတွင် ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ နှစ်တစ်နှစ်၏ သြဂုတ်လတိုင်းကိုအာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအတွင်း အာဟာရဆိုင်ရာ ကျန်းမာရေး အသိပညာများကို စိတ်ဝင်စားနားလည် သဘောပေါက်ခြင်း၊ လက်တွေ့လိုက်နာကျင့်သုံးခြင်း စသည့်တို့ တိုးတက်လာစေရေးအတွက် လူထုလှုပ်ရှားမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို ၂၀၁၇ ခုနှစ်အတွင်း  ပြည်ထောင်စုအဆင့်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သည့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ် စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်​ကြောင်း၊ နိုင်ငံသားများ အာဟာရပြည့်ဝ ကျန်းမာနေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်​ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြပြီးတက်ရောက်လာသူများအား ကဏ္ဍပေါင်းစုံမှ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မှတ်တမ်းတင်ထား သည့် ဗွီဒီယိုဖိုင်အားပြသခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)