ထားဝယ် ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဇဝဲ - ဘန်းလမွတ်ဒေသတွင် တည်ဆောက်မည့် 10 MW Solar Power Plant စီမံကိန်း၊ မြိတ်ခရိုင်၊ သမုတ် - လွတ်လွတ်ဒေသ၌ ဆောင်ရွက်မည့် 26 MW Biomass Power Plant စီမံကိန်းနှင့် ပလောက်ချောင်းတွင် တည်ဆောက်မည့်10 MWရေအားလျှပ်စစ်စီမံကိန်းတို့အားSouthern Power Grid Co.,Ltdမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားရရှိရေး၊ လျှပ်စစ်ဓာတ်အားအပြည့်အဝသုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး လာရောက်ရင်းနှီးမြှပ်နှံသူများကို ကော်မတီဝင်များအနေဖြင့် လက်ခံ၍ အမြန်ဆုံးစိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား အပြည့်အဝကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် Southern Power Grid Co.,Ltdမှ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့်ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)