ဆင်ပေါင်ဝဲ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့က မွှန်းညောင်ပင်သာကျေးရွာတွင် တစ်အိမ်ထောင်လျှင် ကျွန်း (၃)ပင်၊ သစ်မာ (၂၀) ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းတွင်ကျွန်း (၁၀၀၀) ပင်နှင့် တစ်ရွာနှစ်ဧကစိုက်ခင်းများ၌ ကျွန်းပင်များကို ပြည်သူများမှ တပျော်တပါးစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စိုက်ပျိုးနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ သစ်တောဦးစီးဌာန ဦးစီးမှူးဦးသက်ဝေအောင်၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူးအောင်ဇော်လတ်တို့မှ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် တစ်အိမ်ထောင်လျှင် ကျွန်း (၃)ပင်၊ သစ်မာ (၂၀)ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းတွင် ကျွန်း (၁၀၀၀)ပင်နှင့် တစ်ရွာနှစ်ဧက စိုက်ခင်းအချက်အလက်နှင့် မှတ်တမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)