မုံရွာ ဇွန် ၆
ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ထာဝစဉ်လှုပ်ရှားလည်ပတ်နေသည့် ဂေဟစနစ်များ ရရှိစေရန်အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓါတ်ဖြင့် သဘာ၀ပတ်ဝန်းကျင်ကို ပြည်သူများအနေဖြင့် တန်ဘိုးထားပြီး ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “ ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်မှာ Only One Earth တစ်ခုတည်းသောကမ္ဘာ့မြေဟု သက်မှတ်ထားပါကြောင်း၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးစားတီထွင်မှု၊ စီးပွားရေးအခန်းကဏ္ဍ ချဲ့ထွင်မှု၊ နည်းပညာအသုံးပြု၍ သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူ သုံးစွဲမှုများကြောင့် သစ်တော အတန်းအစားများ ကျဆင်းလာခြင်း၊ သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာခြင်းကြောင့် တချို့ရှားပါမျိုးစိတ်များ တဖြေးဖြေး ပျောက်ကွယ်လာပြီး မျိုးစိတ် များ မျိုးသုန်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လူသားတွေအပါအဝင် သက်ရှိတွေရဲ့ဘ၀ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကောင်းမွန်သန့်ရှင်းပြီး စဉ်ဆက်မပြတ် ရည်ရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့နေထိုင်သည့် ကမ္ဘာ့ကြီးက အစားထိုးမရ နိုင်တဲ့ တစ်ခုတည်းသော ကမ္ဘာကြီးဖြစ်သည့်အတွက် လူသားများအနေဖြင့် မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို သင့်တင့်သော အသုံးပြုမှုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ဖို့တာဝန်ရှိပါကြောင်း၊ ဒါကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံးလျှော့ရန်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း လုပ်ငန်းအဖွဲ့အသီးသီး ဌာနုဆိုင်ရာများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ထည့်သွင်းပေါင်းစပ် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း “ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ် လာပုံအကြောင်းအား ရှင်းလင်းတင်ပြပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခြင်းနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ အမှာစကား Video Clip ဖြင့် ပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းနေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်မှု ဂုဏ်ပြုမှတ်တမ်းလွှာအား စစ်ကိုင်းစက်မှုဇုန်မှ စက်မှုဇုန်ဥက္ကဋ္ဌထံ ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော စက်ကိရိယာ များ၊ စာအုပ်စာစောင်များနှင့် မှတ်တမ်းဓါတ်ပုံများ ပြသထားမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်