မြဝတီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြဝတီ ဇွန် ၆

၂၀၂၂ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက  ကရင်ပြည်နယ်၊   မြဝတီမြို့ရှိ  သောင်ရင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သဘာဝပတ်ဝန်းကျင်သည် အပင်နှင့်တိရစ္ဆာန်များ အပါအဝင် အဏုဇီဝများဖြစ်သည့်  ရေ၊မြေ၊လေ၊တောတောင်အပါအဝင် သက်မဲ့များ အပြန်အလှန်အမှီသဟဲပြုနေသည့်သဘာဝဂေဟစနစ်များဖြစ် ကြောင်း၊ ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ နည်းပညာအသုံးပြု၍ သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်းနှင့် လူသားတို့၏လိုအပ်ချက်အတွက် အကန့်အသတ်မဲ့စွာ လုပ်ဆောင်မှုများကြောင့်  အကျိုးဆက်အနေဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပေးပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် video ကိုပြသပေးသည်။ ဆက်လက်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “တစ်ခုတည်းသောကမ္ဘာမြေ” ခေါင်စဉ် ဖြင့်  ဆောင်းပါး၊စာစီ စာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား၊ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မန်းသန်းရွှေမြင့်