မယ်စဲ့ ဇွန် ၆
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပန်တိန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘ/အုပ်ထိန်းသူမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဆရာ/ဆရာမများအား လမ်းညွှန်မှာကြား ခဲ့သည်။
ယခုစာသင်နှစ်၌ ဖွင့်လှစ်နေသည့် အခြေခံပညာကျောင်း ၇ ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂ ရက်နေ့မှ စတင်ကာ ဇွန် ၁၀ ရက်အထိ သတ်မှတ်ရက်များအလိုက် စာသင်ကျောင်းဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)