ကြို့ပင်ကောက် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ အုပ်စု၌ နွေစပါးလျာထားဧက ၇၈၅၅ ဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်သော နွေစပါးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေး က ပြောသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း နွေစပါးစိုက်ရာသီတွင် ၅၅၄၆ ဧက စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်ခဲ့ရာ ဆောင်းသီးနှံပဲရိတ်သိမ်းမှုနောက်ကျခြင်း သုံးသီးစားစိုက်ပျိုးခြင်းတို့ကြောင့် ၁၆၈၄ ဧကသာစိုက်ပျိုးနိုင်ခဲ့ကြောင်း လာမည့်နွေစပါးစိုက်ရာသီတွင် ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် လျာထားဧက ၇၈၅၅ ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများက တောင်သူများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့် သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးသွားနိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေး က ပြောသည်။
ကြို့ပင်ကောက်မြို့ နွေစပါးစိုက်တောင်သူများ အားထားရသောဘော်ဘင်ဆည်မှ ရေဖြန့်ဝေ ပေးနိုင်ရေးအတွက် အဓိကတူးမြောင်းမကြီးများနှင့် လက်တံတူးမြောင်းများအား စိုက်ပျိုးချိန်အမှီ ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဘော်ဘင်ဆည်တွင် နွေစပါး ၁၂၀၀၀ ဧကစိုက်ပျိုးနိုင်သော စိုက်ပျိုးရေသိုလှောင်ထိန်းသိမ်းထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးဝင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါနွေစပါးလျာထားချက် ပြည့်မီအေင်စိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)