လောင်းလုံး ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးနှံပေးရန် စုရပ်နေရာဖြစ်သည့်အခြေခံပညာ (အ-လ-က)စမ်းလှမ်း ကျောင်းအတွင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူအချိန်တိုင်းတာပေးခြင်း၊ မှတ်တမ်းရေးသွင်း ခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် နားနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)