ပုသိမ် ဇွန် ၆
ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူ နိုင်ရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ဝန်ထမ်းများသည် ဇွန် (၆) ရက် နံနက်ပိုင်းက ဘုရားကြီးကုန်း ဘုန်းကြီးကျောင်း၀န်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိပြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဘုရားကြီးကုန်းကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ် (KG)မှ G(7)ထိ စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၉)ဦး ရှိပြီး ကာကွယ်ဆေးထိုးပြီးစီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၆၅)ဦးရှိကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးကောင်းမွန်သော ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူကိုယ်တိုင် လက်မှတ်ထိုး၍ လိုက်ပါဆောင်ရွက်ပေးသော ကျောင်းသားများကိုသာ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရှိရသည်။
ဆေးထိုးစုရပ်များတွင် ကျန်းမာရေး ဆေးထိုးအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်ဟန်