တောင်တွင်းကြီးမြို့နယ်တွင် ရက်(၂၀)သား မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး ဇွန် ၆

တောင်တွင်းကြီးမြို့နယ်တွင် မေလလယ်မှစတင်၍ မိုးဦးမိုးရွာသွန်းခဲ့သဖြင့် ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးနှမ်းများ စတင်ကြဲပတ်ခဲ့ရကာ ယခုအခါ ရက်(၂၀) သား ဝန်းကျင်ရှိပြီဖြစ်‌ကြောင်း သိရသည်။ အဆိုပါ ရက်(၂၀)သား နှမ်းပင်များအား နှမ်းမှုန်းခြင်း၊  နှမ်းပေါင်းပေါက်ခြင်း၊ နှမ်းပေါင်းထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်ပြီး လက်တလောတွင် နှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

နှမ်းကို တန်းချစနစ်နှင့် ကြဲပတ်စနစ်တို့ဖြင့် စိုက်ပျိုးကြပြီး နှမ်းတစ်ဧကကို တန်းချစနစ်ဖြင့် စိုက်ပျိုးပါက နှမ်းမျိုး တစ်ပြည်ခန့် ကုန်ကျကြောင်းနှင့် ကြဲပတ်စနစ်ဖြင့်စိုက်ပျိုးပါက နှစ်ပြည်ခန့် ကုန်ကျကြောင်း၊ ထွန်ယက်ရာတွင် ထွန်စက်ဖြင့်ထွန်ယက်ပါက တစ်ဧက (၃၀၀၀၀)ကျပ်နှင့် နွားဖြင့်ထွန်ယက်ပါက နွားတစ်ရှဉ်းကို တစ်မနက်(၈၀၀၀)ကျပ်ပေးရကာ တစ်ဧကကို(၃)မနက်ခန့် ထွန်ယက်ရကြောင်း၊ မိုးနှမ်းကို မိုးဦးကျကာလ မေလမှစ၍ ဇွန်လပထမပတ်အတွင်း  စိုက်ပျိုးကြပြီး ထိုကာလထက်နောက်ကျပါက အပင်ဖြစ်ထွန်းသော်လည်း အပွင့်အသီး အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးရန် လျာထားဧက(၉၉၃၉၅)ဧကရှိပြီး ဇွန်လဆန်းအထိ (၅၉၆၈၁)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေးမိုးမိုးမြင့် (ပြန်/ဆက်)