ပွင့်ဖြူမြို့နယ်၌ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ သီးနှံအပိုဝင်ငွေရရှိ

ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး စားဖိုဆောင်သီးနှံများကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အဆိုပါ စားဖိုဆောင်သီးနှံများတွင် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။  

" ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတာကြောင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ စားဖိုဆောင်သီးနှံတွေကတော့ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ကြက်ဟင်းခါး၊ ရွှေဖရုံ၊ သခွါး၊ ပိန်းဥ၊ အာလူး၊ ကြက်သွန်၊ ငရုတ်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ကိုက်လံ၊ ဆူးပုပ်နဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးတို့ကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အဲဒီ စားဖိုဆောင်သီးနှံတွေထဲမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းကလည်း အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလည်း ကောင်းတယ်။ လက်ရှိမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး တစ်တောင့်ကို အကြီး/အသေးပေါ်မူတည်ပြီး ငွေကျပ် ၂၀၀၊ ၂၅၀ ခန့် ရောင်းချနေရလို့ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းက နေ့စဉ်မိသားစု အပိုဝင်ငွေရရှိပြီး စီးပွားရေး တွက်ခြေကိုက်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းသည် တစ်နှစ်ပတ်လုံး အသီးသီးသော အပင်ဖြစ်ကာ အကြီးမြန်သော နွယ်ပင်တစ်မျိုးလည်း ဖြစ်၍ စနစ်တကျ စိုက်ပျိုးပါက မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိစေသော သီးနှံတစ်မျိုးဖြစ်သည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းကို ပူနွေးသော ရာသီဥတုတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းပြီး အအေးဓာတ်ရှိသောအရပ်ဒေသတွင် ဖြစ်ထွန်းမှု နည်းပါးကြောင်း၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီသဲဝန်း စသည့်မြေများတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွါ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး တစ်ဧကလျှင် သီးနှံအတောင့်ရေ လေးသောင်းမှငါးသောင်းအထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )