ဒေးဒရဲမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးခြင်းနှင့် ဟောပြောပွဲများပြုလုပ်

ဒေးဒရဲ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၂)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယနေ့ နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံညာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များက ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများ ဝေငှခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၄၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက စတင်ပြီး အခြေခံပညာ မူလတန်းကျောင်း(၆၃) ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများ(၅၂၃၀)ဦးအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ကြောင်း သိရသည်။

အေဇာလင်း