မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

မြန်အောင် ဇွန် ၆

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူ ဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင် မြို့နယ်စာရေးဆရာအသင်းရုံး ရသအောင်မြေ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့ အကြုံများကို မြန်အောင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း (နေဝင်းဝင်း-လွန်ဆေး) က ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက လှူဒါန်းသည့် သုတ၊ ရသ၊ စာအုပ်စာစောင် အုပ်ရေ (၁၀၀)ကို မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် (၄)ခုဖြစ်သော ကနောင်မြို့ ကမ္ဘာကြည့် စာကြည့်တိုက်၊ အင်ပင်မြို့ ကြီးပွားရေးစာကြည့်တိုက်၊ တာခွတဲကြီးကုန်း အုပ်စုဘိုးရာဇာ စာကြည့်တိုက်နှင့် အမှတ်(၆) ရပ်ကွက် လမ်းပြကြယ် စာကြည့်တိုက်တို့အား ခွဲဝေလှူဒါန်းခဲ့ပြီး မြန်အောင်မြို့နယ် စာရေးဆရာအသင်းသို့ ဒေါ်မြင့်မြင့်စန်းက Alpha Brand Bluetooth Speaker Box ပေးအပ်လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရသအောင်မြေမဂ္ဂဇင်း အမှတ်(၅) ထုတ်ဝေနိုင်ရေးအတွက် စာမူဖိတ်ခေါ်မှုနှင့် သတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ၂၀၂၀ ပြည့်နှစ် ပခုက္ကူ ဦးအုန်းဖေ စာပေဆုပြိုင်ပွဲတွင် "ယူဇနာနှစ်သိန်းလေးသောင်းနှင့် အခြားဝတ္ထုတိုများ" စာအုပ်ဖြင့် ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆုရရှိသူ  ဦးစံဝင်းအောင် (မြန်အောင်)အား မြို့နယ်စာရေးဆရာအသင်း နာယက ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော) က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြား၍ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး)က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် ပခုက္ကူ ဦးအုန်းဖေစာပေ ဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသူ ဦးစံဝင်းအောင်(မြန်အောင်)အား မြို့နယ် စာရေးဆရာအသင်းဝင်များနှင့် စာပေဝါသနာရှင်မိတ်ဆွေများက စုပေါင်းဂုဏ်ပြု အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင်