ဖျာပုံ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ နိုင်ငံပိုင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့် ရေထွက်ပစ္စည်းများမှ ရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများ အပြည့်အဝခံစားနိုင်စေရန် ရည်ရွယ်၍ ငါးသယံဇာတ ထိန်းသိမ်းရေးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး မြေစိုက်နံကပ်ဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံ-အမာ ကားလမ်းမဘေး၊ အောက်ကွင်းကျေးရွာလမ်းဂွဆုံနေရာ၌ ပြုလုပ်သည်။
အဆိုပါ ငါးသယံဇာတထိန်းသိမ်းရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး မြေစိုက်နံရံကပ်ဘုတ်တွင် ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ပြည်သူများ လိုက်နာရမည့် ရေချို၊ ရေငန် ငါးလုပ်ငန်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ နှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် စသည့် အချက်များ ပါဝင်သော မြေစိုက်နံရံကပ်ပြဘုတ်အား စိုက်ထူကြရာတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုလွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ အင်းလုပ်ငန်းရှင်များ၊ အောက်ကွင်းကျေးရွာ၊ မှော်ဘီကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများ ပါဝင်စိုက်ထူကြသည်။
ထို့နောက် ငါးလုပ်ငန်းပညာပေး လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)