အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအနေဖြင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်

အိမ်မဲ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဂယက်ကြီး၊ ရွှေရောင်ပြ၊ တကော၊ ကြို့ကုန်း၊ ရှမ်းကွင်း၊ အုတ်ကွင်း၊ ရှမ်းကွင်းသူဌေးကုန်းကျေးရွာများမှ အခြေခံပညာကျောင်းများနှင့် မြို့ပေါ် စာသင်ကျောင်းများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းတွေသာမက လူနေအိမ်များမှာလည်း ဖုံး၊ သွန်၊ လဲ ၊ စစ် ၊ အဘိတ်ခတ်ခြင်းနဲ့ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းတွေလည်း ဆောင်ရွက်ပါတယ်။ ခြင်ဆေးမှုတ်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ သယ်ဆောင်လာတဲ့ ခြင်တွေကို သေစေတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျန်ရှိတဲ့နေရာများမှာလည်း  ဆက်လက်ဆောင်ရွက်သွားမှာပါလို့အိမ်မဲမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)