ကန့်ဘလူမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကန့်ဘလူ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံမှုရှိစေရန်  အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဇွန် ၆ ရက် နံနက်ပိုင်းက ဆေးထိုးစုရပ်များဖြစ်သည့် အထက(ခွဲ)ညောင်အိုင်၊ အထက( ၂)၊ အလက( ခွဲ) (၁)နှင့် တောက္ကရှပ်ကျေးရွာ အ.ထ.ကကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ်များရှိ ပညာရေးဌာနမှ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၃ ရက်က စတင်ထိုးနှံပေးခဲ့ရာ ၈၃၈ ဦးထိုးနှံပေးပြီးကြောင်းနှင့် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)