ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး

ရှမ်းရွာသစ်  ဇွန်  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ "ဆောင်ပုဒ်အတိုင်း အသက် (၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများတို့က ပူးပေါင်း၍ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးမှတ်တမ်းစာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ကျောင်းနေအရွယ်ကလေးများအား ပညာသင်ယူခွင့်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုနှင့်ပတ်ဝန်းကျင်ရောဂါကူးစက်ပြန့်ပွားမှုအား တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအလျှင်အမြန်ရရှိစေရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာ သင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသား (၁၆၄)ဦး၊ ကျောင်းသူ(၂၀၅)ဦး စုစု ပေါင်း(၃၆၉)ဦးရှိသည့်အနက် ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ (၅၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၄)ဦးထိုးနှံပြီးစီးပြီဖြစ်ရာ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူများအား သက်ဆိုင်ရာစုရပ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)