လှိုင်းဘွဲမြို့နယ် ထားသိမ်ကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

လှိုင်းဘွဲ  ဇွန်  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ထားသိမ်ကျေးရွာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစင်တာ ဟိတဓရဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများကဦးဆောင်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဖွင့်ပွဲကို ယမန်နေ့က ထားသိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အခမ်းအနားတွင် ထားသိမ်ကျောင်းဆရာတော်၊ မဲဆမိတ်ကျောင်းဆရာတော်နှင့်ဆရာတော်ကြီးများက မိမိလူမျိုး၊ မိမိဘာသာ၊ သာသနာလုပ်ငန်းများ မပျောက်ပျက်စေရန်အတွက် အခြေခံဗုဒ္ဓတရားတော်များကို လူငယ်များအနေဖြင့် သိရှိရမည်ဖြစ်ကြောင်း၊ ရရှိလာသော အခြေခံဗုဒ္ဓတရားတော်များကို လူငယ်များ အနေဖြင့် တန်ဖိုးထားလိုက်နာရမည်ဖြစ်ကြောင်း ဩဝါဒစကားများ မြွက်ကြားခဲ့ကြပြီးဓမ္မစကူးလ်သင်တန်း ဆရာ/မများက သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်ကြားမည့်အခြေခံဗုဒ္ဓတရားများ၊ ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ထားသိမ်ကျေးရွာအတွင်းရှိ လူငယ်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၅၀)ဦးကျော် တက်ရောက်ခဲ့ပြီး သင်တန်းကို ရတနာသုံးပါး၊ ဗုဒ္ဓဝင်၊ မင်္ဂလာတရာတော်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ ဗုဒ္ဓဘာသာမှ ပုဂ္ဂိုလ်ထူးများ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒ အဘိဓမ္မာ၊ အဆုံးအမတရားတော်များ၊ စသည့် အခြေခံဗုဒ္ဓတရားတော်များကို  အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)