ပေါက်ခေါင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဝါးလက်မှုပညာ သင်တန်းဆင်းပွဲပြုလုပ်

ပေါက်ခေါင်း ဇွန် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သောပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများကို‌ ကျေးလက်ဒေသများအရောက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က ဝါးလက်မှုပညာသင်တန်းဆင်းပွဲကို ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ သင်တန်း၏လုပ်ဆောင်ချက်များနှင့် ဝါးလက်မှုပညာရပ်ကို သင်ယူတတ်မြောက်ပြီးပါက ကိုယ်ပိုင်လုပ်ကိုင်ရာတွင် အရင်းအနှီးနည်းပါးခြင်း၊ ကုန်ကြမ်းအဖြစ်အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရလွယ်ကူခြင်းနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေး ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ယခုဝါးလက်မှုပညာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ပြီး သင်တန်းဆရာများက စာတွေ့လက်တွေ့ကို ရက်သတ္တနှစ်ပတ်ကြာ သင်ကြား‌ပေးခဲ့ပြီး သင်တန်းတွင်ဝါးဖြင့်ပြုလုပ်ရသည့် ကုလားထိုင်၊ စားပွဲ၊ ဇကာ၊ ခြင်းတောင်းစသည့် အသုံးအဆောင်ပစ္စည်းများပြုလုပ်သည့် ပညာရပ်များကိုသင်ကြားပေးခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများပြုလုပ်ထားသည့် ဝါးလက်မှုအသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)