ဘားအံ ဇွန် ၆
ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအသိအမြင်များ တိုးပွားလာစေပြီး နေထိုင်မှုပုံစံနှင့် အတွေးအခေါ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် တစ်ခုတည်းသောကမ္ဘာမြေ ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ကရင်ပြည် နယ်ရုံး၊ ဘားအံခရိုင်ရုံး၊ မြဝတီခရိုင်ရုံးများကို အသီးသီးဖွင့်လှစ်ခဲ့ပြီး ကျန်ရှိနေသည့် မြို့နယ်ရုံးများနှင့် ခရိုင်ရုံးများကို ဆက်လက်ဖွင့်လှစ်ကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အဖွဲ့အစည်း ခိုင်မာအားကောင်းဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာနှင့် ကုသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာတို့ကို ဗီဒီယိုဖြင့် ပြသပြီး ကရင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုများကို ပြသခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ် ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဥပဒေချုပ် နှင့်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြိုင်ပွဲများတွင် ကူညီဆောင်ရွက်ပေးသူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုအား ပြသပြီး ကရင်ပြည်နယ်ဝန်ကြီး ချုပ်က အခြေခံပညာကျောင်းများတွင်အသုံးပြုရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာကိုင်လက်စွဲစာအုပ်များကို ပြည်နယ်ပညာ ရေးမှူးထံ ပေးအပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ်ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)