ကျွန်းလှ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ဧက ၂၀၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မိုးစပါး မျိုးစေ့ထုတ်စံပြကွက်အဖြစ် မနှစ်က ဧက ၁၅၀ စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးရေ အလွယ်တကူတင်လို့ရတဲ့ ကျေးရွာတွေကို ဦးစားပေးပြီး ဧက ၂၀၀ တိုးချဲ့စိုက်ပျိုးရန်လျာထားပါတယ်။ မျိုးစေ့ထုတ်စိုက်မယ့် တောင်သူတွေကို တစ်ဧက ဧရာမင်းမျိုးစပါး တစ်အိတ်ထောက်ပံ့ပေးပြီး ပေါင်စနစ်ပျိုးထောင်နည်း၊ SRI စိုက်နည်းစနစ်တွေကို သင်တန်းဖွင့်လှစ်ခြင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်မျိုးသန့်များရရှိရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ မလိုအပ်ဘဲပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာဝမြေဩဇာ၊ ပိုသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ GAP အသိအမှတ်ပြုလက်မှတ်ရရှိရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးရာသီတွင် မိုးစပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံ စုစုပေါင်း (၁၀၃၄၀၁) ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ