ပွင့်ဖြူ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲ၍ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ မုန်းမြင့်ကျေးရွာ၊ ညောင်ပင်ရွာကျေးရွာနှင့် သမော်အင်းကျေးရွာရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ ကျောင်းသားကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ကွင်းဆင်းကြီးကြပ်ပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသားကျောင်းသူများကို သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း/ ကောက်ယူခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား သတ်မှတ်လျာထားဦးရေ လွှမ်းခြုံအောင် ထိုးနှံပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် (ထက် ၊ လယ်၊ မူ)အခြေခံပညာကျောင်းပေါင်း ၁၆၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းတို့ရှိပြီး အဆိုပါ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသားကျောင်းသူ ၁၃၁၄၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )