ငပုတော ဇွန် ၆
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ဇွန်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြား ရာတွင် ပညာရေးဌာနအနေဖြင့် အမျိုးသားပညာရည်မြင့်မားရေးနှင့် ပညာဖြင့်တည်ဆောက်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ထွန်း၍ နိုင်ငံတော်၏ သားကောင်းရတနာများ ပေါ်ထွန်း လာရေး၊ အနာဂတ်လူငယ်များကို မွေးထုတ်ပေးရာတွင် ဘက်ပေါင်းစုံမှ တော်သော တတ်သော လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရေးနှင့် ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားရေးတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်(၂)ဗိုလ်မှူး ဖြိုးသူရကျော်က ပြောကြားရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးနှင့် စာသင်ကျောင်းများ၏ လုံခြုံရေး ကိစ္စများနှင့် ပတ်သက်၍ အလေးထားမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးက ယခုသင်တန်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများဖြစ်ကြသည့်အတွက် ဝန်ထမ်းကျင့်ဝတ်နှင့် အညီ နေထိုင်ကြရန်နှင့် ပညာရေးစနစ် ၏ သင်ရိုးသစ် မူဝါဒများနှင့်၊ သင်ကြားရေးနည်းစနစ်သစ်များနှင့် သင်ယူမှုရလဒ်ကောင်းများ ဆောင်ရွက်နိုင်ရေး၊ “ဆရာ” ဟူသော ဂုဏ်ပုဒ်နှင့် ညီမျှသော စေတနာ၊ ဝါသနာ၊ အနစ်နာ ဂုဏ်ပုဒ်များနှင့် အညီ ကျင့်သုံးနေထိုင်ကြရန်လိုကြောင်း၊ မိမိတာဝန်ကျ ရာနေရာဒေသများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ ဆရာဆိုသည့် တာဝန်ကိုစတင်တာဝန်ယူ ရမည့်ဖြစ်၍ ယခုသင်ကြားပို့ချမှုများကို အလေးအနက်ထား သင်ယူရန်လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ သင်ရိုးညွှန်း တန်းများကို လေ့လာပြီး ကလေးငယ်များကို သင်ရိုးညွှန်းများအတိုင်း သင်ကြားပြသပေးကြရန် စသည့်တို့ကို ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို နည်းပြ(၄)ဦးက သင်တန်းသား၊ သင်တန်းသူ (၁၁၆)ဦးတို့အား ဇွန်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့ထိ (၇)ကြာပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)