အိမ်မဲ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာ တောင်သူ ဦးနိုင်နိုင်ထွန်း၏ လယ်မြေကွင်းအမှတ်-၅၀ ခ၊ ဦးပိုင်-၃/၃တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲသို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးသန်းဆွေ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး၊ ဒုဦးစီးမှူး ဦးသိန်းစိုးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် တောင်သူများ စုစုပေါင်းအင်အား (၅၀)ခန့် တက်ရောက်ခဲ့ပြီး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည် ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီးမြေသြဇာအဖြင့် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာအထွက်နှုန်း (၁၈.၄)ပေါင် ထွက်ရှိပြီး နိုက်ထရိုဂျင်(၄၈.၉၄)ရာခိုင်နှုန်းရရှိကာ ယူရီးယားဓာတ်မြေသြဇာ (၁) အိတ်ကျော်နဲ့ ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ၈၅၀၀၀ ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး(၁၀၀၀၀)ကျပ်သာ ကျပြီး ယူရီးယား(၁)အိတ်ကျော်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)