တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်(၁၀၀၀)စုပေါင်းစိုက် ပျိုးပေးခဲ့

တနင်္သာရီ ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ဇွန်(၅)ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က ချောင်းလမုကျေးရွာအုပ်စု၊ ချောင်းနောက်ပြန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့်၎င်းကျေး ရွာ-အမကကျောင်းဝင်းအရှေ့နေရာတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြသည်။

၎င်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီးဌာနမှလက် ထောက်အင်/ယာ ဦးထွန်းလင်းအောင်နှင့်ဝန်ထမ်းများ၊ အမက-ချောင်းနောက်ပြန်ကျေးရွာကျောင်းအုပ်ဆရာ ဦးသူရစွမ်းပြည့်နှင့်ပညာရေးဝန်ထမ်းများ၊ ကျေးရွာရာအိမ်မှူး ဦးသက်ဇော်ဦးနှင့် ရပ်မိရပ်ဖများ၊ဒေသခံများ ပေါင်း(၁၁၅)ဦးခန့်က (Only One Earth)တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ်နှင့်အညီ သတ်မှတ်နေရာများမှာ မဟောဂနီပျိုးပင်(၂၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင် (၂၅၀)ပင်၊ ပျဥ်းကတိုး(၂၅၀)ပင်၊ စိန်ပန်းပျိုးပင်(၂၅၀)ပင် စုစုပေါင်း(၁၀၀၀)ပင်တို့အား တပျော်တပါးစုပေါင်းစိုက်ပျိုးပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)