ပြည်မြို့တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၂ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သစ်ထုတ်ရေးဒေသ၊ မန်နေဂျာ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်းက ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ပြောကြားသော ၂၀၂၂ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှာစကားအား ဖတ်ကြားသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူးက အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကို  Projectorဖြင့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်”အသိပညာပေးဗီဒီယိုကလစ်ဖွင့်လှစ်ပြသပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ စာအုပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယမန်နေ့က ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးTalk Showပြုလုပ်ခြင်း အပါအဝင် အထိမ်းအမှတ်အခမ်းအနားနှင့် လှုပ်ရှားမှုများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့တွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၂ခုနှစ် နှစ် ၅၀ မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Only One Earth”(တစ်ခုတည်းသောကမ္ဘာမြေ)ဖြစ်ကြောင်း သိရသည်။

ကိုဆက်