ပေါင်းတည် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် အသက် ၁၅ နှစ်ပြည့်ပြီး ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံသေးသူများ၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များနှင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို သက်ဆိုင်ရာနေရာများရှိ ဆေးထိုးစုရပ် အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကြူတောကန် အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်