ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

လွိုင်ကော် ဇွန် ၅

၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနားနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီး မြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ယနေ့ကျရောက် သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အလွန်ထူးခြား လေးနက်သည့်နေ့ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး တွင် အမျိုးသားအဆင့်၊ ဒေသအဆင့် လှုပ်ရှားဆောင်ရွက်ကြကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက် လာသည်နှင့်အညီ သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူကြခြင်း၊ နည်းပညာများ တီထွင်ခြင်း၊ စက်မှုလက်မှုများဖွံ့ဖြိုး တိုးတက်လာခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခြင်း၊ စွန့်ပစ်ပစ္စည်း အမျိုးမျိုးတို့ကို စနစ်တကျ စီမံထိန်းသိမ်းမှု မရှိခြင်းတို့ကြောင့် သယံဇာတများ လျော့နည်းဆုံးရှုံးလာပြီး သစ်တောများ ပြုန်းတီးလာခြင်း၊ ဂေဟစနစ် များပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ ရေထုမြေထုနှင့် လေထုညစ်ညမ်းမှုများ၊ သက်ရှိလူနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိခိုက်ပျက်စီးမှုများ လာခြင်းစသည့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာများနှင့် ရာသီ ဥတုပြောင်းလဲမှု ဆိုးကျိုးဖြစ်စဉ်များသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ကြုံတွေ့ နေရပါ ကြောင်း၊ စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနာဂတ်အကျိုး အတွက် စီမံကိန်းများရေးဆွဲပြီး သက်ဆိုင်ရာဌာနများ ကပြည်သူများနှင့် အတူ ပူးပေါင်းပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “UNEP” မှ ပေးပို့လာသည့် သဝဏ်လွှာအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် နီလင်းအောင်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးတို့က ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့်နှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့က ခင်းကျင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စာအုပ်၊ စာစောင်များ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)