ဘားအံ၌ အပတ်စဉ်စနေနေ့တိုင်း တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ

ဘားအံ ဇွန် ၄

တောင်သူလယ်သမားများကိုယ်တိုင် စိုက်ပျိုးမွေးမြူထွက်ရှိလာသော အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို အခွန်အခပေးဆောင်ရန်မလိုဘဲ စားသုံးသူထံ သင့်တင့်သော နှုန်းထားဖြင့် တိုက်ရိုက်ရောင်းချသည့် တောင်သူလယ်သမားဈေးကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာ (ယာယီညဈေး)၌ အပတ်စဉ် စနေနေ့ နံနက်တိုင်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော တောင်သူလယ်သမားများ ပူးပေါင်းပါဝင်၍ ယခုဈေးကို ဖွင့်လှစ်ရောင်းချနေခြင်း ဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် ကောင်းမွန်သော စိုက်ပျိုးမွေးမြူရေးနည်းစနစ်များကို အခြေခံ၍ မိမိတို့ စိုက်ပျိုးမွေးမြူထွက်ရှိလာသော ထုတ်ကုန်များကို အပတ်စဉ် တစ်နေရာတည်း၌ စုစည်းပြသရောင်းချခွင့်ရရှိကာ စားသုံးသူများအနေဖြင့်လည်း သန့်ရှင်းလတ်ဆတ် သောဒေသ ထွက်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် တစ်နေရာတည်း၌ တိုက်ရိုက်ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ရောင်းချသည့် ဈေးဖြစ်သည်။

တောင်သူလယ်သမားများအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော သတင်း အချက်အလက်များကို အချင်းချင်းနှီးနှောဖလှယ်၍ ဈေးကွက်၊ နည်းပညာ၊ သွင်းအားစုများ ချိတ်ဆက်မှုပိုမိုအားကောင်းလာစေကာ ဈေးကွက်စီးပွားရေးနှင့် ပတ်သက်သော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ တစ်ဆင့် နည်းပညာအချက်အလက်များ ရယူနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

ထိုသို့ အပတ်စဉ်စနေနေ့တိုင်း တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချနေမှုကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများက  ခင်းကျင်းရောင်းချသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများ၊ သားငါးများနှင့်  ဈေးရောင်း၊ ဈေးဝယ် ဆောင်ရွက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)