ဘားအံ ဇွန် ၅
ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနလုပ်ငန်းများ၏ အလုပ်အကိုင်များနှင့် အလုပ် ရှာဖွေသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ စီးပွားရေး လုပ်ငန်း ကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အစိုးရဌာနဆိုင်ရာအကြီးအကဲ များမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဌာနမှဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပေးကြရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်းကြီးများမှလည်း မိမိလုပ်ငန်းအတွက် လုပ်သားလိုအပ်ချက်၊ လုပ်သားများ၏ ကျွမ်းကျင်မှုလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးပေးစေလိုကြောင်း၊ ရရှိလာသည့် အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်များ အပေါ် အခြေခံ၍ အစိုးရမှလိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်၍ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ လုပ်ငန်းရှင်ကြီးများ၊ လူမှုရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများက ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့ကြကာ အလုပ်ရုံဆွေးနွေးပွဲ ၏ ဆွေးနွေးဆုံးဖြတ်ချက်များ ချမှတ်၍ ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)