ကန့်ဘလူ ဇွန် ၅
ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွား စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ကိုလည်းကောင်း၊ ပန်းချီပညာရှင် ဆရာကြီးဦးစိုးမြင့်ဝေက ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုစကားကို လည်းကောင်း ပြောကြားကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ အလယ်တန်းဆင့် ရောင်စုံပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ များကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် က လည်းကောင်း၊ မူလတန်းဆင့် ဆုရရှိသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် ကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကိုယ်စား အလယ်တန်းဆင့် ပထမရရှိသူ မခင်ခင်ဦး သာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ရောင်စုံပန်းချီပြိုင်ပွဲတွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုစီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)