တမူးမြို့တွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး

တမူး စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်ကွက် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု မရှိစေရေးနှင့် မျိုးကွဲနုတ်ပယ်ခြင်း ပေါင်းမြက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် တမူးခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းဌေး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဦးနှင့်ကွင်းတာဝန်ခံများ တောင်သူများ ပူးပေါင်းပြီး ဟဲဇင်းကျေးရွာရှိ တောင်သူ(၁၅)ဦး၏ မျိုးစေ့ထုတ်ကွက်(၅၉)ဧက အတွင်း ပိုးမွှားကျရောက်နေမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး မျိုးကွဲနုတ်ပယ်ခြင်း ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တမူးမြို့နယ်အနေဖြင့် ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက(၁၅၄၄၉)ဧက စိုက်ပျိုးထားပြီး (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက်(၁၆၀)ဧက အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း အဆိုပါ မျိုးစေ့ထုတ် စိုက်ကွက်များတွင် မှော်ဘီ-၂၊ဆင်းဧကရီ-၃၊ဆင်းသုခနှင့်ဧရာမင်း စပါးများကိုစိုက်ပျိုးထားရှိပြီး မျိုးစေ့ထုတ်တောင်သူများကိုမြေသြဇာများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး၊သဘာဝမြေသြဇာများ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေရန်အတွက် အီးအမ်ဘိုကာရှီသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို သင်ကြားပြသပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဆန်းဦး ထံမှသိရှိရသည်။

  ကျော်သူရ(ပြန်/ဆက်)