ပခုက္ကူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ပခုက္ကူ ဇွန် ၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေသူအောင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းအကြောင်း၊ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ယိုယွင်းပျက်စီးလာမှု အကြောင်းများ၊ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်သည့် နည်းလမ်းများ အကြောင်း၊ ကမ္ဘာမြေပေါ်ရှိ သဘာဝသယံဇာတအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်း ကာကွယ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်း၊ အနာဂတ်ကာလတွင် လူသားများနှင့် သက်ရှိဇီဝ မျိုးစုံမျိုးကွဲများ၏ သဘာဝအရင်းအမြစ်များ ယိုးယွင်းပျက်စီးလာစေနိုင်သည့် အခြေအနေများကို ကြိုတင် မှန်းဆပြီး သဘာဝပတ်ဝန်းကျင်ကို အစဉ်အမြဲထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောပြီး သဘာဝပတ်ဝန်းကျင်ညစ်ညပ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးစေသည့် ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်း ပါဝင်သည့် အသိပညာပေး ဗီဒီယိုဖိုင်ကို (Projector) ဖြင့် ဖွင့်လှစ်ပြသသည်။

ယင်းနောက် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးတို့အတွက် အမှိုက်ပုံးများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသုံး ပစ္စည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က လက်ခံရယူသည်။

အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)