ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေး ဇွန် ၅

၂၀၂၂ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ညစ်ညမ်းလာမှုပြဿနာများကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရေး အတွက် ၁၉၇၂ ခုနှစ်၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကမ္ဘာနိုင်ငံအသီးသီးရှိ နိုင်ငံ ခေါင်းဆောင်များစုဝေးပြီး ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဖြစ်သည့် ကုလသမဂ္ဂ လူသားနှင့်ပတ်ဝန်းကျင် ညီလာခံအား ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၅၀)ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုပြဿနာများအနက် နှစ်စဉ်အလိုက်ဖြစ်ပွားနေသည့် အရေကြီးပြဿနာရပ် များအား ပိုမိုသိရှိကာ အလေားထားဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နှစ်စဉ်အလိုက် အထိမ်းအမှတ် ဆောင်ပုဒ်များ သတ်မှတ်၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်း အနားများအား ကျင်းပရခြင်းဖြစ်ကာ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “တစ်ခုတည်း သောကမ္ဘာမြေ (Only One Earth)” အဖြစ် သတ်မှတ်ထားပြီး သဘာဝတရားနဲ့အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်သည့်အပြင် ရာသီဥတု ဆိုင်ရာပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များတွင် လူသားတိုင်းပါဝင် ဆောင်ရွက်ရေး တိုက်တွန်းနှိုးဆော် ထားပါကြောင်း၊ မိမိတို့ မြန်မာ နိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျုဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်သိမ်းရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ၂၀၂၂ ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား အသိပညာပေး ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူအား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သူအား မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိခဲ့သူများ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာန ချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမှတ် တရဓာတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြသထားသော အသိပညာပေး ဆိုင်းဘုတ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)