သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

သရက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပရာ ဆရာကြီးအေးကြူ၏ မြန်မာဆိုတာဘာလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင် ဒေါ်ဖြူဖြူဟန်က ဘုရင်နောင်မင်းတရားကြီး အကြောင်း ဆွေးနွေးရာတွင် မြန်မာ့စိတ်ဓာတ်၊ မြန်မာ့ဓလေ့နှင့် ဘုရင်နောင်မင်းတရားကြီး၏ မင်းကောင်းမင်းမြတ် တို့တွင် ရှိသင့်သည့် အရည်အချင်းများ ပြည့်စုံပုံတို့ကို ဆွေးနွေးပေးခဲ့ပြီး Book Club အဖွဲ့ဝင် မောင်မင်းသိမ်း(သရက်)က ထီးလှိုင်ရှင်ခေါ် ကျန်းစစ်သားမင်း၏ အရည်အချင်းများကို ဆွေးနွေးခဲ့သည်။

ယင်းနောက် Book Club အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်အေးအေးရီတို့က အင်းဝဘုရင်သတိုးမင်းစော အကြောင်း အပြန်အလှန်ဆွေးနွေးကာ ဆရာဦးမြင့်ဆွေက ဗိုလ်မှူးကြီးဗထူး၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ဆွေးနွေးပေးခဲ့ရာ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မြန်မာ၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို အနော်ရထာဘုရင်က ပုဂံခေတ်တွင် စတင်ခဲ့ပြီး မြန်မာဆိုတာ ကမ္ဘာ့အလယ်တွင် သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း စာရေးသူ၏ တင်ပြမှုကို ဆွေးနွေးခဲ့ကာ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက စာပေးချစ်မြတ်နိုးသူများ စကားဝိုင်းကို လစဉ်ဆောင်ရွက်မည်ဖြစ်ပြီး မျိုးဆက်သစ် လူငယ်များကိုပါ အတုယူအားကျဖွယ်ရာ မြန်မာသူရဲကောင်းများအကြောင်း စာဖတ်ဝိုင်းများတွင် ပါဝင်ဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။   

ဇော်ထက်(သရက်)