သရက် ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး (၁)ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့် အငြိမ်းစား ယူပြီး ဆရာကြီး၊ ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့် စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေ ကောက်ခံဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာကြီး(၁)ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ သည့် ငွေကျပ်(၁၅)သိန်းကို အငြိမ်းစာ ပင်စင်ယူထားည့် ဦးမြင့်ဆွေအားပေးအပ်ခဲ့ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြေကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာကြီး ဦးမြင့်ဆွေက အလှူငွေ (၃)သောင်း လှူဒါန်းပေးရာ ဆရာမကြီးဒေါ်တင်တင်ယု လက်ခံပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အငြိမ်းစားယူပြီးသည့် သက်ကြီး ဆရာကြီး၊ ဆရာမများဖြစ်သည့် ဆရာကြီး ဦးခင်မောင်မြင့်၊ ဆရာကြီး ဦးလှကြိုင်နှင့် ဆရာမကြီး ဒေါ်အေးသိန်းတို့အား ပီတိပညာရေး ပရဟိတအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် အလှူငွေများ ကန့်တော့ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)