မကွေး ဇွန် ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူမြို့) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်း ဒေသကြီးသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ် ရာ တိုင်းဒေသကြီး တစ်ခုလည်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏အရေးပါသော ကဏ္ဍတစ်ခုဖြစ်သလို စိုက်ပျိုးရေးပညာရှင်များအား မွေးထုတ်ပေးနေ သည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကလုပ်ငန်း တာဝန်ကြီး တစ်ရပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးယုံသာမက မွေးမြူရေးပညာရှင်များပါ မွေးထုတ်ပေးနိုင်သည့် ကောင်းမွန်သော အလားလာရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အနာဂတ်မှာ တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ လုံခြုံစိတ်ချရသည့် အဝန်းအဝိုင်းမှာ နေထိုင်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အင်တိုက် အားတိုက် အားပေးကူညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ) ကျောင်းအုပ်ကြီးမှ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များ အတွက် ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ် တွင် ပထမဆုရရှိခဲ့သော ကျောင်းသူတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများအားလည်းကောင်း၊ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ်တွင် ဒုတိယဆုရရှိခဲ့သော ကျောင်းသူအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းကလည်းကောင်း၊ တတိယဆု ရရှိသူအား တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ