မြန်အောင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ မြန်အောင်၊ ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နေကြာတိုးချဲ့စိုက်ပျိုးရေး တိုင်းဒေသကြီး အဆင့်လုပ်ငန်း အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က နေကြာစိုက်ပျိုးမည့် တောင်သူများထံ မျိုးစေ့နှင့် သွင်းအားစုများ အချိန်မီ ရောက်ရှိရေး၊ စိုက်ဧကပြည့် မီစွာစိုက်ပျိုးရေး၊ နေ့စဉ်မြေပြုပြင်ပြီးစီးမှု၊ စိုက်ပျိုးပြီးစီးမှုအခြေ အနေများကို မြို့နယ်စိုက်တိုးမြှင့် အဖွဲ့များက ကြီးကြပ်ဆောင်ရွက်ကြရန် ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်အေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့က နေကြာစိုက်တောင်သူများအတွက် ပံ့ပိုးပေးနိုင်မည့် သွင်းအားစု များ အချိန်မီရရှိရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်း/ခရိုင်/မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန တာဝန်ရှိသူများနှင့် မြန်အောင်မြို့နယ်၊ ကြံခင်း မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ နေကြာမျိုးစေ့ဖြန့်ဝေပြီးစီးမှု၊ မြေယာပြင်ဆင်ပြီးစီးမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ သွင်းအားစု ပံ့ပိုးမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်