မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲပြသ

မော်လမြိုင်ကျွန်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၁၂ ရက်တွင် ကျရောင်မည့် ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲပြသခြင်းလုပ်ငန်းအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးလုပ်သားများ၏ အကျိုးဆက်များ၊ ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက် (၃) ချက်နှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနဥပဒေဆိုင်ရာအချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့သည်။

 ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာကြသော မွေးမြူရေးလုပ်ငန်းရှင်များအား (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော် ဦးဆောင်သည့် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခဲ့ပြီး ဆေးဝါးကုသလိုသူများအား အမှတ်(၃) ရပ်ကွက်၊ အောင်ဇေယျလမ်းတွင်ရှိသော (၁၆) ခုတင်ဆံ့တိုင်းရင်း‌ဆေးရုံ၊ ပြင်ပလူနာဌာနသို့ လာရောက်ဆေးကုသနိုင်ပါကြောင်း သတင်းရရှိသည်။

အောင်အောင်