ကျွန်းလှ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆေးထိုးစုရပ် စာသင်ကျောင်းများ၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးတို့က ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျောင်းသား၊ ကျောင်းသူ (၁၁၈၅)ဦးရှိကြောင်း၊ ယနေ့ ကျောင်းသား၊ ကျောင်းသူ (၂၀၃)ဦးအား ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)